Monday, October 6, 2008
"လမ်းခူးလက်"
နံဂါးခံတွင်းဝက လေပြေညင်းတွေကို
ရင်မထိအောင် ရှိုက်သွင်း
ကိုယ့်လမ်းကိုယ်ဖောက်ဖို့
လမ်းပျောက်နေခဲ့တယ်
ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တော့လည်း
အသံတွေက ခေါင်းရှောင်သွားကြပြန်ရော
ဒါနဲ့ပဲ ကိုယ့်အမြီးကိုယ်ပြန်ကိုက်
ကော်ဖီခါးခါးထဲ ပြုတ်ကျသွားတဲ့
ကိုယ့်အပြုံးချိုချိုလေးကိုပဲ
ရူးရူးမိုက်မိုက် တမ်းတနေမိတယ်
မျှော်လင့်ခဲ့မိဖူးတဲ့
ကိုယ့်လက်သည်းတွေကို
နောက်မှာ ခပ်ရို့ရို့ဝှက်လိုက်တော့
မျက်ရည်တွေက ဟားတိုက်ရယ်မော
ခြေဦးတည့်ရာဆိုတာ
ကမ်းပျောက်ပင်လယ်တဲ့လား
ရောင်နီအတက်က ငါ့ကံကြမ္မာလမ်းပေါ်
ထွက်ခဲ့စမ်း !
ဘီလူးကြမ်းစီးတဲ့ ခရောင်းလမ်းရေ
ငါ့လက်နဲ့ ဖမ်းတဲ့အခါ
ငါဖန်ဆင်းတဲ့ ပန်းတပွင့်ပဲ ဖြစ်စေရမယ်
ချီရွန် ( ပုလဲ )
No comments yet