Thursday, June 5, 2008

အသံမဲ့ကျမ်းစာ


“ အသံမဲ့ကျမ်းစာ ”

အချစ်ကို ကိုးကွယ်မှတော့
နှလုံးသားကို ပသလိုက်ရတာကလွဲလို့
မဲ့ပြုံးတစတောင် ငါ မရလိုက်ပါဘူး
ကိုယ်ရေးခဲ့တဲ့ သမိုင်း
ခပ်ရိုင်းရိုင်း ပြောရရင်
ငါ့ အကြောင်း ငါ ရေးတာတောင်
မင်းနာမည်နဲ့ စိမ်းမှောင်လဲ့ဖြာ
နေ၀င်သွားပြီလား ?
တကယ်တော့
ကိုယ့်ဝင်ရိုးနဲ့ကိုယ်
တခြမ်းပဲ့ လင်းအက်ချင်ခဲ့တာပါ
ပေးဆပ်သူဆိုတာ
ဒဏ်ရာထက်က သနပ်ခါးကိုပဲ
ရင်ဘတ်အပြည့် ရှိုက်သွင်း
လအဆင်းနဲ့ သေခဲ့တဲ့
ကြယ်တေလေပေါ့
ချစ်သူရဲ့ အရိပ်လေး
ဝေးပျောက်မှုန်ပျယ် သွားတာကို
သံသရာတဆုံး လိုက်ကြည့်မိတဲ့
ကျောက်ရုပ်အကန်းဟာ ငါကွဲ့
ဘယ်တော့မှ
ကမ္ဘာကြီးလုံးဝန်းကြောင်း
သက်သေ မပြကြပါနဲ့
ချစ်သူပြန်လာရင်ဖတ်မဲ့
ငါ့ကျောပြင်က သေတမ်းစာ
သူ့နာမည် အခါခါပါနေရင်
သူ နာကျင်မှာ
ငါ ...... စိုး .... ရွံ့ .... လို့ ..... ပါ

ချီရွန် ( ပုလဲ )

No comments yet