Friday, December 7, 2007

လကြည့်ခြင်း


" လကြည့်ခြင်း "


ကိုယ် ၅ နှစ်သားမှာ
လမင်းဟာ ကိုယ့်ကို
ထမင်းဆီစမ်း ကျွေးမယ်လို့
ယုံကြည်ခဲ့ဖူးတယ် .....
ကိုယ် ၁၀ နှစ်သားမှာ
လမင်းဟာ ၀လိုက် ပိန်လိုက်
အပြည့် အဆုတ် အကွယ် အပျောက်ရှိတာ
သိခဲ့ရဖူးတယ် ......
ကိုယ် ၁၅ နှစ်မှာ
လမင်းဟာ
နေကို မှီးကပ်
အလှူလက်ဖက်နဲ့ မျက်နှာလုပ်
ဘာမှ မသိတဲ့ ကမ္ဘာကို
မာယာနဲ့ ဖြားယောင်းသူလို့
တွေးထင်ခဲ့ဖူးတယ် .....
ကိုယ် ၁၈ နှစ်မှာ
လပြည့်ဝန်းကို ကြည့်ရင်း
မင်းကို တမ်းမွတ်ခဲ့ဖူး
လကွယ်ညမှာ ထိုင်ရင်း
အလွမ်း ခါးခါးတွေ မြိုချခဲ့ဖူး
လသာချိန်တွေမှာ
အတွေးကွန်ယက်ဖြန့်
တေးကဗျာတွေ စပ်လို့
အိပ်မက်တွေ မက်ခဲ့ဖူးတယ်.....
ကိုယ် ၂၀ နှစ်မှာ
လမင်းကို ကြည့်တော့
လမင်းဟာ ....
လမင်းပါပဲ။

ချီရွန် ( ပုလဲ )

ကျွန်တော့် အသက် ၂၀ ပြည့်တုန်းက ရေးထားတဲ့ အမှတ်တရ ကဗျာပါ။ ဒီကဗျာလေးကို " အလွမ်းအိပ်မက် တက်ခေါက်သံ " ကဗျာစာအုပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။

No comments yet