Tuesday, June 10, 2008

ပိတောက်လွမ်း သံစဉ်


" ပိတောက်လွမ်း သံစဉ် "

ဟိုး ..... ပိတောက်ပင်အိုရိပ်
တိတ်တဆိတ် လွမ်း
လမ်းခွဲနေ့စွဲလေး တစ်ခု
အသည်းကွဲဘာသာနဲ့ ထွင်းထုထားတယ် ....
ခဲရာခဲဆစ်
ဘ၀ကို ထုဆစ်ခဲ့တဲ့ကောင်
ပကာသန နံရံကြား
အိပ်မက်တွေ ခါးခဲ့ရပါပြီ..
ငါ့ညတွေကို ပြုစား
မုသားကို ပန်ခဲ့သူရေ
မင်းရဲ့ ရင်ခုန်သံ
လေးခတ်သံ ညံနေပြီကွဲ့
မင်းရဲ့ နဂါးမျက်ဝန်း
ငါ့ ချစ်ခြင်းကို လုပ်ကြံ
ပင်လယ်အိုရဲ့ ညည်းသံမှာ
ငါ့သောင်ယံ ကျွမ်းမြှိက်လောင်မြ
သွားပါတော့ကွယ်
မနက်ဖြန်ဟာ မရေရာပေမဲ့
ဝေးရမှာတော့ သေချာပါတယ်
အမှတ်တရ သံစဉ်
သောက ရင်ခွင်နဲ့
ပိတောက်ပင်အိုအောက်
ဒီလူတယောက် ..ကျန်ခဲ့ရဲပါတယ်

ချီရွန် ( ပုလဲ )
ဒီကဗျာက ဒုတိယနှစ်တုန်းက ရေးထားတာပါ။ အခု ပြန်ဖတ်ကြည့်တော့ အားမပါသလိုကြီး ဖြစ်နေတယ်။ ကျွန်တော်တော့ သိပ်အားမရဘူး။ ဒီကဗျာကို တင်ထားတာ ကြာပါပြီ အခု ခံစားချက်လေးနဲ့ တိုက်ဆိုင်နေတာရယ် ငယ်ဘ၀ကို အမှတ်ရတာလေးရယ်ကြောင့် ပြန်တင်ဖြစ်ပါတယ်။ မဖတ်ရသေးသူများ ခံစားပေးပါ။ ဖတ်ပြီးသူများ နောက်တပုဒ်မှ အသစ်တင်ပါ့မယ်။ စာမေးပွဲ ရှိနေလို့ပါ။

No comments yet