Monday, January 21, 2008

နှစ်ချို့အနမ်း


"နှစ်ချို့အနမ်း"

လေဆိပ်မှာ နှုတ်ဆက်
အမေ့ အနမ်းခက်တွေ
သား ရင်ထဲ
အခုထိ လတ်ဆတ်ဆဲပါ အမေ
အမေ့သား ပညာတတ်ကြီးက
ပျားပန်းခတ် လူအုပ်ထဲ
အမေ့ပါး ခပ်ရဲရဲ နမ်းဖို့
ရှက်ခဲ့ပါတယ် အမေ
လက်ဆယ်ဖြာ ထိပ်မှာမိုး
သားရှိခိုး ဦးချခိုက်
ရင်ထဲမှာ ကြိတ်ငိုရှိုက်ပေမဲ့
အဝေးသွားမဲ့ သား
နောက်ဆံမထားဖို့ တွေး
ဆုတွေ ပေးခဲ့တဲ့ အမေ့ ပါး
သား လေ ........
တွေးမိတိုင်း လွမ်း
မနမ်းမိတဲ့ နောင်တနဲ့
မေတ္တာ အကျဉ်းကျခဲ့ပါတယ် အမေ
ပြန်လာမဲ့နေ့
အမေ့ ရင်ငွေ့ နားခို
သား ငိုခဲ့ရတဲ့ ညတွေအဖို့
လွမ်းရင် မစို့ရအောင်
နှစ်ချို့ အနမ်း
သားကို .. ...
နမ်း ....... နမ်းခွင့်ပြုပါ မေမေ

ချီရွန် ( ပုလဲ )

ပြာသိုလပြည့် အမေနေ့ အတွက် အချစ်ရဆုံး မေမေ့ကို မနမ်းခဲ့မိတဲ့ သားရဲ့ အမှတ်တရ ကဗျာပါ မေမေ။
၂၂.၁.၀၈ ( ပြာသိုလပြည့် အမေများနေ့ )

No comments yet