Saturday, January 26, 2008
မြန်မာကဗျာဆိုတာ ဂျိုနဲ့လား ( ၂ )
မြန်မာကဗျာဆိုတာ ဂျိုနဲ့လား ( ၂ )
ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
မြန်မာကဗျာပုံစံတွေအကြောင်းမစခင် အခြေခံတွေအကြောင်းစပြောကြရင်ပိုကောင်းမယ်ထင်လို့ ဗဟုသုတ ဖြစ်ဖွယ်ရာလေးတွေ ကျနော်လက်လှမ်းမီသမျှ ရှာဖွေပြီး တင်ပေးလိုက်ပါတယ်။ ဒီတော့ မြန်မာကဗျာ ဆိုတဲ့ အရာရဲ့ အရင်းအမြစ်ကို အရင်လိုက်ကြည့်ကြရအောင်။ ဒီအခါမှာ ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆိုပြီး စတင် တွေ့ရှိရပါလိမ့်မယ်။
အဲဒီ ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်းတို့အကြောင်းကို မပြောခင် အဖွဲ့အကြောင်း ကို အနည်းငယ် ပြောလိုပါတယ်။
အဖွဲ့
အဖွဲ့ကို ပါဠိလိုတော့ “ဗန္ဓ” လို့ခေါ်ပါတယ်။ ရေးသားသီကုံးဖွဲ့နွဲ့ထားတဲ့စာမှန်သမျှဟာ ဗန္ဓ ဖြစ်ပါတယ်။ အဲဒီ အဖွဲ့ကမှ 'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ'၊ 'ဂဇ္ဇ' လို့ခေါ်တဲ့ 'စကားပြေ' နဲ့ 'ဝိမိဿ' လို့ ခေါ်တဲ့ 'နှစ်ထွေရော' (ကဗျာရော စကားပြေပါ ရောပြီးရေးထားတဲ့ အဖွဲ့- ပြဇာတ်လို့ ခေါ်ရင်အဆင်ပြေနိုင်ပါတယ်) ရယ် လို့ ခွဲထွက် လာပါတယ် ဆိုပြီး ဦးသော်ဇင်ရဲ့ ကဗျာ့လမ်းညွှန် စာအုပ်ထဲမှာ ဆိုထားပါတယ်။ အဲဒီ 'ပဇ္ဇ' လို့ခေါ်တဲ့ 'ကဗျာ' ပင်မကိုင်းကြီးကနေမှ 'ဂီတ' နဲ့ 'လင်္ကာ' ဆိုပြီး ကိုင်းသွယ်နှစ်ခု ထပ်မံခွဲထွက်လာပါ တယ်။လင်္ကာ (ကဗျာ) တွေကတော့ ....
လင်္ကာ၊ ပျို့၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊ ဧချင်းသံတိုင်၊ ဧချင်းသံပေါက်၊ ရတု၊ လူးတား၊ အန်ချင်း၊ သံပေါက်၊ ဝဲရိုက်ဝဲသွင်း ဆိုပြီး ၁၄ မျိုး သတ်မှတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ထပ်လည်း ...
တျာချင်း၊ တေးထပ်၊ တောလား၊ လွမ်းချင်း၊ လေးဆစ်၊ မေတ္တာစာ၊ ဆိုတာတွေအပြင် ဆရာလယ်တီပဏ္ဍိတဦးမောင်ကြီးက ပါဠိဂါထာတွေကနေ ထွင်ခဲ့တဲ့ ၈လုံးစပ် ကဗျာတွေနဲ့ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်တို့ရဲ့ ခေတ်စမ်းကဗျာတွေ၊ ဆရာဒေါင်းနွယ်ဆွေရဲ့ ကာရန်မဲ့ကဗျာနဲ့ အခုနောက်ဆုံး မော်ဒန်ကဗျာတွေအထိ ရှိပါတယ်။
ဂီတ (သီချင်း) အမျိုးအစားတွေကတော့ ... ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး ၊ သံချို ၊ ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့ ၊ ဘောလယ်အရိုး၊ တေး - အရိုးအဆန်း၊ သဖြန် - အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း - အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဆိုပြီး ၂၂ မျိုး ရှိပါတယ်။ (အရင် ပို့စ်မှာလည်း တင်ထားပါတယ်။)
(တချို့ကတော့ ရကန်၊ ဟောစာ၊ မေတ္တာစာ၊ မှာတမ်း တွေဟာ ကဗျာနဲ့ စကားပြေ နှစ်မျိုး ရောနေလို့ 'ဝိမိဿ' အမျိုးအစားထဲကို ထည့်ထားပါတယ်။) အဖွဲ့ ဆိုရာမှာ ကဗျာ၊ သီချင်း အမျိုးအစား တမျိုး ထဲမှာပဲ အကြောင်းအရာ အမျိုးမျိုးကို ဖွဲ့ဆိုကြရာမှာ မယ်ဖွဲ့(မယ်ဘွဲ့)၊ မောင်ဖွဲ့၊ ဘုန်းတော်ဖွဲ့ စသဖြင့် ကွဲပြား ပါတယ်။ ဒီအဖွဲ့တွေ အကြောင်းကို ဓမ္မာစရိယ ဦးထွန်းရွှေ ရေးတဲ့ နန္ဒမာလိနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီးထဲမှာ အခုလိုဖေါ်ပြထားပါတယ်။
မယ်ဖွဲ့ - မိန်းမတို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
မောင်ဖွဲ့- ယောက်ျားတို့နှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
ဘုန်းတော်ဖွဲ့ - ရတနာသုံးပါးနှင့် ဘုရင်၊ မင်းညီမင်းသားတို့၏ ဘုန်းတော်၊ ဂုဏ်တော် တို့နှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
နိဗ္ဗိန္ဒဖွဲ့- လောကကြီးမှ ငြီးငွေ့ ခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ စသော လက္ခဏာရေးသုံးပါး နှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
သံဝေဂဖွဲ့ - ဇာတိ၊ ဒုက္ခ စသည်တို့မှ ထိတ်လန့်ခြင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
တောဖွဲ့- တောအကြောင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
တောင်ဖွဲ့- တောင်အကြောင်းနှင့်စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
ပန်းဖွဲ့- ပန်းအမျိုးမျိုး နှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
သစ္စာထားဖွဲ့ - ယောက်ျား၊ မိန်းမတို့၏ တယောက်နှင့်တယောက် အချစ်မေတ္တာ ခိုင်မြဲ တည်ကြည်ခြင်းနှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
အမျှော်စိုက်ဖွဲ့ - တယောက်ကတယောက်ကို ရှုလို၊ မြင်လို၊ ဆက်ဆံလိုခြင်းနှင့် စပ်ဆိုင်သမျှသော စကားအဓိပ္ပါယ်
မြှောက်ပင့်ဖွဲ့ - သူတပါးကို ချီးကျုး ၊ မြှောက်ပင့် ထောမနာခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
အလွမ်းဖွဲ့ - ရှင်ကွဲ၊ သေကွဲ ကွဲကြရ၍ တမ်းတလွမ်းဆွတ်ခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
မိုးဖွဲ့- မိုးရေ၊ မိုးပေါက်၊ မိုးတိမ် စသည်တို့နှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
ကိုယ်ရည်သွေးဖွဲ့- အခါအခွင့်သင့်၍ မိမိ၏ဂုဏ်အစွမ်း၊ သတ္တိဗလတို့ကို မိမိကပင်ထုတ်ဖေါ်၍ ရေးသားခြင်းနှင့် စပ်ဆိုင်သမျှသော စကား အဓိပ္ပါယ်
ဒီ
အဲဒီ မောင်ဖွဲ့၊ မယ်ဖွဲ့ စတဲ့ အဖွဲ့ တစ်ခုစီမှာလဲ မောင်ဆို၊ မယ်ဆို၊ မောင်မယ်ဆို ဆိုပြီး သုံးမျိုး စီ ကွဲပြားပြန် ပါသတဲ့။ သဘောကတော့ ယောက်ျား အသုံးအနှုန်းတွေဖြစ်တဲ့ ဗျာ၊ ကျွန်တော်၊ စသဖြင့်ပါရင် မောင်ဆို၊ ကျမ၊ ရှင် စသဖြင့် ပါရင် မယ်ဆို ပေါ့။ အဲဒီလိုမဟုတ်ဘဲ သာမန်စီကုံးသွားခဲ့ရင်တော့ ကျားမ မရွေး ဆိုနိုင်တဲ့အတွက် မောင်မယ်ဆို လို့မှတ်ယူရပါမယ်။ ဒါပေမယ့် မောင်ဆို မို့လို့ ယောက်ျား လေးတွေသာ ဆိုရမယ်၊ မယ်ဆို ဖြစ်တဲ့အတွက် မိန်းကလေးတွေသာ ဆိုရမယ်လို့တော့ တင်းတင်းကျပ်ကျပ် သတ်မှတ် ထားတာမဟုတ်ပါဘူး။ စာရေးသူက ဘယ်နေရာကနေ ခံစားပြီးရေးသလဲဆိုတာ သိသာရုံ ဖေါ်ပြတယ်လို့ မှတ်ယူရမယ်လို့ ဆိုပါတယ်။
ဒါလောက်ဆိုရင် အဖွဲ့တွေကို သိသာလောက်ပြီ ဖြစ်ပါတယ်။ အဲဒီအဖွဲ့ အားလုံးကို ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း ဆိုပြီး အမည်လေးမျိုး နဲ့ခေါ်ပါတယ်။
ဒီအထဲမှာ ဂီတ၊ ကဗျာ၊ လင်္ကာ ဆိုတာ ပါဠိဘာသာနဲ့ ခေါ်တာဖြစ်ပြီး သီချင်းဆိုတာကတော့ မြန်မာ ဘာသာနဲ့ခေါ်တဲ့ အမည်ဖြစ်ပါတယ်။ အဲဒီတော့ တစ်ခုခြင်းကို ကြည့်ရင်
ဂီတ-
ကဗျာ
စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်းလို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ ပညာရှိ ဆိုတာ ကဝိ လို့ ခေါ်ပါတယ်။ ကဝိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။) မူလပုဒ်ရင်းက 'ကဝိ' ဖြစ်ပါတယ်။ ကဝိ ကနေမှ ကာဝေယျ၊ အဲဒီကနေ ကဗ္ဗ၊ ကာဗျ၊ ကဗျ ဆိုပြီးမှ မြန်မာဘာသာနဲ့ ကဗျာ ဆိုပြီးဖြစ်လာတယ်လို့ ဆိုပါတယ်။
လင်္ကာ
အလင်္ကာရ (နား၏တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သောသီချင်း) ဆိုတဲ့စကားကနေ ဆင်းသက် လာပါတယ်။ အဲဒီ အလင်္ကာရ ပုဒ်ရင်းကနေ အစစာလုံး 'အ' နဲ့ အဆုံးစာလုံး 'ရ' တို့ ကာလရွေ့လျော ကြေပျောက်ရာကနေ လင်္ကာ ဆိုပြီး ခေါ်စမှတ် ပြုတယ်လို့ ဆိုပါတယ်။
သီချင်း
အကြောင်းချင်းတ တို့ကို သီဆိုသောကြောင့် သီချင်း မည်၏ ဟု ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း မှာ ဆိုထားပါတယ်။ ဒီကျမ်းအလိုအရဆိုရင်တော့ ချင်းသီ လို့ ဆိုသင့်ပေမယ့် အက္ခရာ ရှေ့နောက်ပြန်တဲ့ နည်းအရ သီချင်းလို့ ဖြည့်စွက်ရေးသားတယ်လို့ဆိုပါတယ်။ဒီတော့ အတိုချုပ် လိုက်ရင်
ဂီတ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့ သီချင်း
ကဗျာ - ပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း
လင်္ကာ - အလင်္ကာရ - နား၏ တန်ဆာသဖွယ်ဖြစ်သော အသံကိုပြုတတ်သော သီချင်း
သီချင်း - အကြောင်းချင်းတ တို့ ကို သီဆိုသောကြောင့် သီချင်း မည်၏။ ဒီ လေးမျိုးလုံးဟာ အမည်သာကွဲပြားပေမယ့် တရားကိုယ်သဘောအားဖြင့် အတူတူဘဲလို့လဲ ကဗျာစွယ်စုံ ကျမ်းထဲမှာ ဆိုထားပါတယ်။ ဒါပေမယ့် ရတုတွေလို လေးလုံးစပ်ကဗျာအသွားမျိုး၊ ကာရန်အထပ်ကြား ညှပ်ရေးထားတဲ့ စကားပြင်မျိုးကို လင်္ကာ လို့အခေါ်များပြီး ကာလပေါ်တီးလုံး၊ ပတ်ပျိုး၊ ယိုးဒယား စတာ တွေကိုတော့ သီချင်းလို့ အခေါ်များပါတယ် လို့လဲ ဆက်ပြောထားပါတယ်။
မူလစာအုပ်ထဲမှာတော့ ပါဠိအကိုးအကားတွေနဲ့ ဒီအမည်လေးမျိုးကို ရှင်းပြထားပေမယ့် ဒီမှာ ထည့်မရေး တော့ပါဘူး။ အဓိပ္ပါယ်ကို သိဖို့ပဲ အရေးကြီးလို့ မြန်မာပြန်ကိုပဲ ဖေါ်ပြလိုက်ပါတယ်။ အခြေခံ အချက်များ
ကဗျာရေးဖို့ အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကို စာကြည့်ကြပါမယ်။
ကဗျာရေးတဲ့အခါ အခြေခံအချက်တွေက
၁။ အသတ်၊ အလပ်
၂။ ကာရန်၊ အသံ
၃။ အစပ်၊ အဟပ်
၎။ ကြိယာ
ဆိုပြီး ရှိပါတယ်။ ဒါတွေကို သိနားလည်ထားဖို့လိုအပ်ပါတယ်။
အသတ်၊ အလပ်
အသတ် ဆိုတာ ကတော့ အက္ခရာပေါ်မှာ တံခွန်ထူထားတဲ့ ''-်'' ကိုပြောတာပါ။ အလပ် ဆိုတာကတော့ အဲဒီ အသတ်တံခွန်မပါဘဲ လစ်လပ်နေတာကို ပြောတာပါ။
အခြေခံမြန်မာသင်ပုန်းကြီးအရ အသတ် ၁ဝ ပါး ရှိပါတယ်။ အဲဒါတွေကတော့
က သတ် (က်)၊ င သတ် (င်)၊ စ သတ် (စ်)၊ ည သတ် (ည်)၊ တ သတ် (တ်)
န သတ် (န်)၊ ပ သတ် (ပ်)၊ မ သတ် (မ်)၊ ယ သတ် (ယ်)၊ ဝ သတ် (ဝ်) - တို့ဖြစ်ပါတယ်။
ဒီ အသတ် ၁ဝ မျိုးကို မူလအသတ် (သို့မဟုတ်) မုချအသတ် လို့ခေါ်ပါတယ်။ ဒီကနေဆက်ပြီး ပွားလာ တဲ့ အသတ်တွေ ကိုတော့ သာမတ္ထိယ အသတ် (ပါဠိပျက်) အသတ်တွေလို့ ခေါ်ပါတယ်။ အဲဒါတွေကတော့
က သတ် = ခ်၊ ဂ်၊ ဃ် (မုခ်၊ ဝဂ် စသည်ဖြင့်)
စ သတ် = ဆ်၊ ဇ်၊ ဈ်၊
ည သတ် = သဝေထိုးသံ၊ နောက်ပစ်သံ (ရှည် = ရှေ)
တ သတ် = ဋ၊ ဌ၊ ဍ၊ ဎ၊ ထ၊ ဒ၊ ဓ၊ သ
န သတ် = ဏ၊ ရ၊ လ၊ ဟ၊ ဠ
ပ သတ် = ဖ၊ ဗ၊ ဘ
ဆိုလိုတာကတော့ ကသတ် နဲ့ စာလုံးတွေကို ခ်၊ ဂ်၊ ဃ် စာလုံးတွေနဲ့ ကာရန်တူယူလို့ရတယ်လို့ ဆိုလို တာပါ။ ဥပမာ - ဘုရားဖူးထွက်၊ မဂ်ဖိုလ်ရည်မျှော် ဆိုတာ မျိုးမှာ ထွက် နဲ့ မဂ် ကာရန်တူပါတယ်။
ကာရန်၊အသံ
ကာရန် ဆိုတာ ကာရန္တ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။
အရင် Post မှာတုန်းကကျနော်ရေးခဲ့သလို ကဗျာတပုဒ်မှာ အသံကာရန်၏ကောင်းခြင်း (သဒ္ဒါလင်္ကါရ) နဲ့ အဓိပ္ပါယ်၏ကောင်းခြင်း (အတ္ထာလင်္ကာရ) နှစ်မျိုးလုံးရှိရပါမယ်။ ဒါပေမယ့် ကာရန် ကိုက်အောင်လို့ ဆိုပြီး အဓိပ္ပါယ်တွေ လိုက်မြောသွားတာမျိုးတော့ မဖြစ်ရပါဘူး။ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်နောက်ကိုသာ ကာရန်ကိုက်အောင် လိုက်ပြီးရေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင် အရင် Post မှာ ပြခဲ့တဲ့ ကဗျာတွေလို ကာရန်သာမှန်ပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ကဗျာတွေဖြစ်ကုန်ပါလိမ့်မယ်။
ကာရန်အကြောင်းပြောရင်း အလျဉ်းသင့်လို့ နဘေ အကြောင်းပါ နည်းနည်းမိတ်ဆက်ပါရစေ။
နဘေ ဆိုတာ 'နံဘေး' ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတယ်လို့  ဆိုကြပါတယ်။ အရွယ်တူပျဉ်ချပ် တွေကို နံဘေးချင်း (အလျားလိုက်) ယှဉ်စပ်ထားသလို အပိုဒ်နှစ်ခုကို ဘေးချင်းစပ်ဟပ် ဖွဲ့ နွဲ့ထားတာကို နံဘေးစပ်၊ အဲဒီကနေ နဘေစပ်လို့ ခေါ်ကြပါတယ်။ ဥပမာ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ ပန်းချီမနိုင် လေးချိုးလတ် မှာဆိုရင်ရွှေပဒုံကြာအချပ်ကို လေအဟုန်လာပြီးဟပ်စဉ်က ..
၁။ ဝဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်
၂။ ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်
၃။ ဝါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန်
ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကတော့ သိသာစေဖို့သာ ဖော်ပြခြင်းဖြစ်ပါတယ်။ ကဗျာရေးရာမှာ အဲဒီလို အသေးစိတ် ခွဲခြားကြည့်ဖို့ အမြဲမလိုအပ်ပါဘူး။ သိထားရင်တော့ကောင်းပါတယ်။ကဗျာအတွက် တခြားအရေးကြီးတဲ့ အသံရှိန် (မတြာ)၊ ဌာန် (ဌာန)၊ ကရိုဏ်း (ကရဏ)၊ ပယတ် (ပယတန) ဆိုတာတွေ ရှိပါသေးတယ်။ အခုအထိ စကားပြောရင် ဌာန်ကရိုဏ်း ကျကျပြောတတ်တယ် ဆိုပြီး ချီးမွမ်း နေတာတွေ ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒါတွေ အကုန် အသေးစိတ်လျှောက်ရေးနေရင် လိုရင်းဖြစ်တဲ့ မြန်မာကဗျာပုံစံတွေနဲ့ ကာရန်တွေအကြောင်း ရောက်တော့မှာမဟုတ်လို့ စိတ်ဝင်စားမယ်ဆိုရင် နောက်မှ ဒါတွေနဲ့ ပတ်သက်ပြီး သီးသန့် Post တစ်ခု ထပ်တင်ပါ့မယ်။အဲဒီတော့ ကာရန်ကိုပြန်ကောက်ရရင် မြန်မာသရ (မြန်မာကာရန်) တွေဟာ အကျဉ်းအားဖြင့် ၁၆ ပါး၊ အကျယ်အားဖြင့် ၆၄ ပါး ရှိပါတယ်။ အကျဉ်း (၁၆) ပါးဖြစ်တဲ့ မူလကာရန်တွေကတော့
(၁) အ - ကာရန်
(၂) ဣ (အိ) - ကာရန်
(၃) ဥ (အု) - ကာရန်
(၄) ဧး (အေ့) - ကာရန်
(၅) အဲ (အယ်) - ကာရန်
(၆) အော (သြ) - ကာရန်
(၇) အက် - ကာရန်
(၈) အင် - ကာရန်
(၉) အစ် - ကာရန်
(၁ဝ) အည် - ကာရန်
(၁၁) အဉ် - ကာရန်
(၁၂) အတ် - ကာရန်
(၁၃) အန် - ကာရန်
(၁၄) အပ် - ကာရန်
(၁၅) အမ် - ကာရန်
(၁၆) အို (အိုဝ်) - ကာရန်
တို့ ဖြစ်ပါတယ်။
အဲဒီ မူလကာရန် (၁၆) ပါးကမှ ထပ်ပြီး ပွားလိုက်တဲ့အခါ ကာရန်ငယ် အကျယ် (၆၄)ပါး ဖြစ်လာ ပါတယ်။
(၁) အ - ကာရန် - အ၊ အာ၊ အား ၃ လုံး
(၂) ဣ - ကာရန် - အိ၊ အီ၊ အီး ၃ လုံး
(၃) ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ၃ လုံး
(၄) ဧး - ကာရန် - အေ၊ အေ့၊ အေး ၃ လုံး
(၅) အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ၃ လုံး
(၆) အော - ကာရန် - အော်၊ အော့၊ အော ၃ လုံး
(၇) အက် - ကာရန် - အက်၊ အောက်၊ အိုက် ၃ လုံး
(၈) အင် - ကာရန် - အင်၊ အင့်၊ အင်း
(၉) အစ် - ကာရန် - အစ် ၁ လုံး
(၁ဝ) အည် - ကာရန် - အည်၊ အည့်၊ အည်း ၃ လုံး
(၁၁) အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ၃ လုံး
(၁၂) အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ၃ လုံး
(၁၃) အန် - ကာရန် - အန်၊ အန့်၊ အန်း
(၁၄) အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ၃ လုံး
(၁၅) အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း
(၁၆) အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ၃ လုံး
ဒီ ကာရန်တွေထဲမှာ သေးသေးတင်သံ (-ံ) မပါဘဲဖြစ်နေပါတယ်။ ကဗျာဖွဲ့နည်းနိသျည်းစာအုပ်ထဲမှာ တော့ ဒီ ကာရန် (၆၄) ပါးကိုဘဲ ပြထားပေမယ့် ကဗျာ့စွယ်စုံကျမ်း ထဲမှာတော့သီးခြား ဖေါ်ပြ ထားတာမတွေ့ပါဘူး။ အဲဒီအစား မြန်မာသရ အကျယ် (၆၈)လုံးကိုသာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် သေးသေးတင် (နိဂ္ဂဟိတ်) ကို မသတ် (မ်) နဲ့ အတူတူယူရမယ်လို့တော့ အသတ် အခန်းမှာ သီးခြားဖေါ်ပြထားတာတွေ့ရတဲ့အတွက် အံ၊ အံ့ ကာရန်ဟာ အမ်၊ အမ့် ကာရန်နဲ့ အတူတူဘဲ လို့ မှတ်ရပါမယ်။မြန်မာကဗျာတွေကို လေ့လာမယ်၊ ရေးမယ်ဆိုရင် အသံအကြောင်းကိုလည်း နားလည်ရပါလိမ့်မယ်။ အပေါ်က ကာရန် ၆၄ပါးကို တက်သံ၊ သက်သံ၊ မြင့်သံ၊ တိုင်သံ ဆိုပြီး အသံလေးမျိုး ခွဲထားပါတယ်။ ဒီအသံတွေကိုမှ ဂရုသံ (လေသံပြင်းပြင်း၊ လေးလေးနက်နက်ထွက်တဲ့ အသံပြင်း) နဲ့ လဟုသံ (လေသံလျော့လျော့ ထွက်တဲ့ အသံပျော့) ဆိုပြီး ပြန်ခွဲထားပါတယ်။ အဲဒီတော့ အသံလေးမျိုးကို အရင်စကြည့်ရအောင်။
၁။ တက်သံ (၁၈) ပါး
၂။ သက်သံ (၁၈) ပါး
၁။ နိမ့်သံ (၁၈) ပါး
၁။ တိုင်သံ (၁ဝ) ပါး ... ဆိုပြီး စုစုပေါင်း (၆၄) ပါး ပြန်ခွဲထားပါတယ်။
တက်သံ (၁၈) ပါး
အောက်မြစ်နဲ့ ဝစ္စပေါက် မပါတဲ့အသံတွေကို တက်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ ဆွဲဆွဲငင်ငင်၊ ရှည်ရှည်လျားလျား၊ မြည်မြည်ဟိန်းဟိန်း၊ ပြင်းပြင်းပြပြ ရွတ်ရပါတယ်။ အဲဒီအသံတွေကတော့
အာ၊ ဤ (အီ)၊ အူ၊ အေ (ဧ)၊ အော် (သြော်)၊ အင် ........ (၆) လုံး
အဉ်၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ် ........ (၆) လုံး
အုန်၊ အုမ်၊ အယ်၊ အောင်၊ အိုင်၊ အိုဝ်(အို) ........ (၆) လုံး
တို့ဖြစ်ပါတယ်။
တက်သံတွေကို ညာသံကြီး၊ မူလသံ၊ ပကတိသံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာခွဲ ကနေ သုံးမတြာ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
သက်သံ (၁၈) ပါး
အောက်မြစ်ပါတဲ့အသံတွေနဲ့ အောက်မြစ်မပါပေမယ့် ပါသလိုဘဲ ဆိုရတဲ့အသံတွေကို သက်သံလို့ ခေါ်ပါတယ်။ ဆင်းသက်တယ်ဆိုတဲ့စကားအရ ဒီအသံတွေက ဆင်းသွားတဲ့အသံတွေပါ။ ဒီအသံတွေဟာ အားမထုတ်ရဘဲ ရွရွကလေး၊ သာသာဖြည်းဖြည်းလေး ရွတ်ရပါတယ်။ အဲဒီအသံတွေကတော
အ (အာ့)၊ ဣ (အိ)၊ အု (ဥ)၊ အေ့ (ဧ့)၊ အော့ (သြော့)၊ အင့် ........ (၆) လုံး
အဥ့်၊ အည့်၊ အန့်၊ အမ့်၊ အိန့်၊ အိမ့် ........ (၆) လုံး
အုန့်၊ အုမ့်၊ အယ့် (အဲ့)၊ အောင့်၊ အိုင့်၊ အိုဝ့်(အို့) ........ (၆) လုံး
တို့ဖြစ်ပါတယ်။
သက်သံတွေကို ဘယ်သံ၊ ချသံ၊ အောက်သံ၊ သံမ၊ အောက်မြစ်သံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ အထိ ရွတ်ဆိုနိုင်ပါတယ်။
နိမ့်သံ (၁၈) ပါး
တက်သံတွေကို ဝစ္စပေါက် ထည့်လိုက်တဲ့ အသံတွေကို နိမ့်သံ လို့ခေါ်ပါတယ်။ ဒီအသံတွေဟာ
အသံရှည်ရှည် ကိုလည်း မစွန့်လွှတ်ဘဲ ပြတ်ပြတ်နဲ့ တင်းတင်းမာမာ ရွတ်ရပါတယ်။ အဲဒီအသံတွေကတော့
အား၊ အီး၊ အူး၊ အေး (ဧး) ၊ အော (သြး)၊ အင်း ........ (၆) လုံး
အဉ်း၊ အည်း၊ အန်း၊ အမ်း၊ အိန်း၊ အိမ်း ........ (၆) လုံး
အုန်း၊ အုမ်း၊ အယ်း (အဲ)၊ အောင်း၊ အိုင်း၊ အိုဝ်း(အိုး) ........ (၆) လုံး
တို့ဖြစ်ပါတယ်။
နိမ့်သံတွေကို ညာသံငယ်၊ သံဖို၊ ဝသဇ္ဇနီသံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာ ကနေ နှစ်မတြာခွဲ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
တိုင်သံ (၁ဝ) ပါး
နှိမ့်လို့ မြှင့်လို့မရတဲ့ သံရပ်၊ သံဖြတ်တွေ၊ တက်သံ နဲ့ နိမ့်သံ ၂ခုကြားကအသံတွေကို တိုင်သံ လို့ခေါ် ပါတယ်။ အဲဒီအသံတွေကတော့ ကသတ်၊ စသတ်၊ တသတ်၊ ပသတ် ပါတဲ့အသံတွေပါ။
အက်၊ အစ်၊ အတ်၊ အပ်၊ အိတ် ........ (၅) လုံး
အိပ်၊ အုတ်၊ အုပ်၊ အောက်၊ အိုက် ........ (၅) လုံး
တို့ဖြစ်ပါတယ်။
တိုင်သံတွေကို သံမှန်၊ သံလတ် လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ လောက်အထိ ရွတ်ဆိုနိုင်ပါတယ်။
ဂရု၊ လဟု
ဒီအသံလေးပါးကို ဂရု၊ လဟုပြန်ခွဲရင်
တက်သံ (၁၈) ပါး (အောက်မြစ် နဲ့ ဝစ္စပေါက် မပါတဲ့အသံတွေ) ဟာ ဂရုအသံ (ဂရုကာရန်)ဖြစ်ပြီး ကျန်တဲ့ အသံသုံးပါး (သက်သံ၊ နိမ့်သံနဲ့ တိုင်သံ ပေါင်း ၄၆ပါး) ကတော့ လဟုအသံ (လဟုကာရန်) တွေ ဖြစ်ကြပါတယ်။
ဒါဆိုရင်တော့ အသံလေးပါးနဲ့ ဂရု၊ လဟု ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။ အလွတ် မမှတ်မိရင်လဲ ဒီမှာ ပြန်ကြည့်ပြီး ကဗျာရေးတဲ့အခါ သုံးနိုင်ပါတယ်။လောလောဆယ်တော့ ဒီမျှနဲ့ဘဲ ကျေနပ်ကြစေချင်ပါတယ်။ အခြေခံအချက်တွေထဲမှာ ကျန်နေသေးတဲ့ 'အစပ်၊ အဟပ်' အကြောင်းနဲ့ 'ကြိယာ' အောကာင်းကိုတော့ မြန်မာကဗျာဆိုတာဂျိုနဲ့လား(၃) ဆိုပြီးတော့ ဆက်ပြီးတင်ပေးပါမယ်။ အဲဒီမှာ ကာရန်စပ်နည်း ၆ပါးနဲ့ နဘေစပ်နည်း ၈ပါးကိုပါ ရေးပေးပါ့မယ်။ ဒါတွေကတော့ အလွန်ကျယ်ပြန့်တဲ့အတွက် အချိန်နည်းနည်းယူပြီးရေးနေပါတယ်။ တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ ဖြစ်စေချင်လို့ ပါ။ မြန်မာကဗျာပုံစံတွေနဲ့ ရေးစပ်နည်းတွေကိုတော့ နောက်ထပ်ပို့စ် တွေမှာ ထပ်ပြီးတင်ပေးပါ့မယ်။ ကျနော်ရှာလို့ ရသလောက်ပေါ့။
No comments yet