Tuesday, March 4, 2008

အလွမ်းရင့်ရင့်


“ အလွမ်းရင့်ရင့် ”

မီးခိုးတို့ ဝေညိုမှိုင်း
မိစ္ဆာရိုင်း ဗုံသံတဒုံဒုံ
ဒီကောင့် ရင်အစုံနဲ့ ပူဇော်တဲ့ ယဇ်
ဝိဉာဉ်တွေ ဖွေးညစ်နေတယ်
သူ .....
လက်အစုံကို ဖြန့်မိုး
နတ်ဆိုးတို့ ကဝေလင်္ကာ
မြတ်နိုးစွာ ရွတ်
ဟောဟို
သောကြာထောင့်က ရွာသူကတော့
ဂုမ္ဘာန်တစ်ထောင် စောင့်တဲ့နှုတ်ခမ်းနဲ့
အလွမ်းခန်းကို ဧယင်ကျုးတယ်
ဒီလိုနဲ့
ဘီလူးစီးတဲ့ ရက်ရာဇာ
ကျိန်စာသင့် နေ့စွဲ
ကိုယ့်ရင်ကို ခပ်ကြမ်းကြမ်းခွဲပြီး
ချစ်သူ့အနမ်းတွေ စနစ်တကျဖြည့်
ဆွေးမြေ့မှု အံတုနှိမ်ချိုး
ငါ ...
ရိုကျိုးစွာ ချစ်နေတယ် ။

ချီရွန် ( ပုလဲ )

ဂုမ္ဘာန်တစ်ထောင် စောင့်တဲ့နှုတ်ခမ်းဆိုတာက တာရာမင်းဝေရဲ့ ၀တ္ထုထဲက စကားလုံးပါ။ ကျွန်တော် ကြိုက်လို့ ယူသုံးထားပါတယ်။

No comments yet