Tuesday, March 4, 2008

ငါနဲ့ အလွမ်း ပုံပြင်


“ ငါနဲ့ အလွမ်း ပုံပြင် ”


အခုတလော

ချစ်တတ်သူတို့ ဈေးတန်းထဲ

အလွမ်းဖဲကြိုးဝါများ

ငိုစား ရယ်စားနဲ့

ဝယ်လိုအားမဲ့ ရောင်းကောင်းနေ

အာဒမ်နံရိုး ဆံထိုးလုပ်

ကွမ်းတယာ ရေတမှုတ်နဲ့

အခါးမန္တန်စုတ်တဲ့ ဈေးသူမ

အရောင်မဲ့ ညမှာ

ရောင်းပန်း ၀ယ်ပန်းလှလို့

လွမ်းဝယ်သူ အမျိုးမျိုး

ကိုယ့်ကမ္ဗည်း ကိုယ်ထိုးပြီး

မိုးမျှော်တေး သံပြိုင်ကျူးကြ

ရင်မြေ ခပ်မွမွမှာ

ချစ်သူငတ် ကဗျာကို

လွမ်းထက် အက္ခရာတင်ကြ

ချစ်သူတို့ လမ်းဆုံလမ်းခွမှာ

အလွမ်းနဲ့ လင်းတဲ့ အိပ်ပျက်ညအကြောင်း

တခုတ်တရ မောင်းခတ်ကြ

ငါကတော့

ဝယ်လာတဲ့ ဖဲကြိုး

ဗီးနပ်စ်ပျိုးတဲ့ ပိတောက်ကိုင်းမှာ

သောကြာသူနဲ့ အချစ်သမိုင်းအတွက်

ကသိုဏ်းကရိုဏ်းပဲ ချည်ဖြစ်ခဲ့တယ် ….

ချီရွန် ( ပုလဲ )

အခုတလော အလွမ်းကဗျာတွေပဲ ရေးနေတယ်လို့ ပြောနော်။ သြော် ပြောပါဆို တကယ်ပြောတာ အရမ်းလွမ်းနေတာ။ ချစ်သူက ရန်ကုန်ပြန်သွားလို့။ ငချီရွန်တို့ လွမ်းသဖြင့် အလွမ်းကဗျာများသာ ရေးဖြစ်ပါကြောင်း သတင်းကောင်း ဖွအပ်ပါတယ် ခင်ဗျာ။

No comments yet