Monday, March 17, 2008

ဖိတ်စာ


“ ဖိတ်စာ ”

နေမင်းကြီးက ကမ္ဘာထဲ ၀င်လာတာလား
ကမ္ဘာက နေမင်းကြီးဆီ သွားတာလား
ချစ်သူကို လွမ်းတဲ့ ညကတော့
နေမသာခဲ့ဘူး
အိပ်မပျော်တိုင်း ထထကြည့်တဲ့ နာရီလေး
တချက်ချက် ဟောက်နေတယ်
ကမ္ဘာအပြင်ဘက်မှာ ခဏရပ်ခွင့်ပေးစမ်းပါ
ဧပရယ်ရောက်အောင် လှည့်ပေးချင်လို့
ချစ်ရ တစ်ရက် လွမ်းရက်တစ်ရာ
နေဆယ်စင်း ပူတော့မှ
အလွမ်းတွေ ထုတ်ထုတ်လှမ်းမိတဲ့အထိ
စကားပုံတွေ ယုံခဲ့
လွမ်း .... တယ် ...
နှလုံးသားက ယပ်လေးတဖျပ်ဖျပ်
ဖာထေးထားရတဲ့ ရင်လွှာပေါက်က ကျယ်တယ်
ကန္တာရထဲက မီးတောက်ကို
အနောက်တောင်ထောင့်က စရှို့ခဲ့
( ငါဆိုတဲ့ကောင်ကလဲ
အဲဒီ အလွမ်းမီးပါးဘေးထိုင်ပြီး
ကိုထွန်းရွှေသီချင်းကို ဗျပ်စောင်းလေးနဲ့ဆိုမိ)
ပြာပူကို မကြောက်တာနဲ့ပဲ
တမ်းတခြင်းတွေကို ငရဲလို့ စာတမ်းထိုးကြ
ငါနဲ့ ရေချမ်းစင်တချို့ကတော့
လေပူတွေ ဝေးတဲ့အရပ်မှာ
မင်းနာမည်ကို အိုအေစစ်လို့ သမုတ်တယ်
အသေအချာ ရောက်အောင်လာပါ ချစ်သူရေ
မိုးတိမ်နဲ့ ရေးတဲ့ ကင်ပွန်းတပ်ဖိတ်စာ
မြနန္ဒာနေညိုချမ်းချိန် ပိတောက်လွှာလေးခြုံပြီး
ငါ့ သင်္ကြန်ကို အနမ်းနဲ့ဖွင့်ပေးပါ
အခု ငါ ...... လွမ်း ..... နေ ................တယ်။

ချီရွန် ( ပုလဲ )
ကျွန်တော် ရေးနေကျ ပုံစံထဲက ထွက်ကြည့်ထားတာပါ။ ဝေဖန် ပေးပါဦး။

No comments yet