Thursday, May 1, 2008
အယူခံ
“ အယူခံ ”
ကျွန်တော်က မျက်မမြင်ပါ
ဒီတော့
ခင်ဗျားအပြုံးအတွက် တုံ့ပြန်အပြုံးမပီပြင်ရင် ခွင့်လွှတ်ပါ
ကျွန်တော်က နားမကြားပါ
အဲဒီအတွက်
ခင်ဗျားစကားကို မထောက်ခံမိရင် ခွင့်လွှတ်ပါ
ကျွန်တော်က ဆွံ့အသူပါ
ဒါကြောင့်
မိတ္တဗလဋီကာကို ရွတ်ဆိုမပြနိုင်ရင် ခွင့်လွှတ်ပါ
ခွင့်လွှတ်ပါ .. ခွင့်လွှတ်ပါ
ဘာပဲဖြစ်ဖြစ်
ကျွန်တော့်ကို ဘ၀သေသူအဖြစ်နဲ့
ခင်ဗျား ခွင့်လွှတ်ပေးပါ
လောကမှာ သေသူတွေ ပြန်မရှင်နိုင်ပေမဲ့
ရှင်လျက်သေသူကို ခင်ဗျား ထပ်မသတ်မိပါစေနဲ့
ခဏလောက် ငြိမ်ငြိမ်လေး နေပေးပါ
ကျွန်တော့် အသက်ရှုသံကို ကြားရတဲ့အထိ
ခဏလောက် ငြိမ်ပေးပါ
ကျွန်တော့်သွေးတွေ စီးဆင်းသံကို ကြားရတဲ့အထိ
ခဏလောက် ငြိမ်ပေးပါ
ခဏလောက် ငြိမ်ပေးပါ
ကျွန်တော် လူတယောက်ဆိုတာ ခင်ဗျားလက်ခံနိုင်တဲ့ အထိပေါ့ ...
ချီရွန် ( ပုလဲ )

No comments yet