Tuesday, June 3, 2008

ဘယ်သူပြောလဲ ကဗျာဆိုတာ မိုးကျရွှေကိုယ်


“ ဘယ်သူပြောလဲ ကဗျာဆိုတာ မိုးကျရွှေကိုယ် ”

အသည်းနှလုံးမှာ ကျွဲပုခုံးထအောင်
တစက်စက်ပေါင်းခံပြီးမှ ကျလာတဲ့အရည်
ဘယ်သူပြောလဲ .... ကဗျာဆိုတာ မိုးကျရွှေကိုယ်

အိပ်ငိုက်နေတဲ့ ကဗျာကျမ်းကြီးကပြောတယ်
ငါနမ်းခဲ့တဲ့ ပန်းခက်တွေထဲ
ရနံ့သင်းဆဲ ဆောင်းတွေသာပြင်းနွဲ့
ညှင်းသွဲ့သွဲ့ဗျပ်စောင်းသံဟာ
မရဏလက်တို့ရဲ့ အနုပညာပြကွက်ဖြစ်တယ် ..

ကဗျာဆိုတာ မိုးကျရွှေကိုယ်တဲ့
သူတို့ ပြောကြတာပေါ့
အနုပညာဆိုတာကရော အပွင့်မဲ့ပန်းလား
ငါတို့နမ်းခဲ့တဲ့ ကဗျာတွေကတော့
မာယာမဲ့ပန်းတိုင်ဆိုတာ သေချာတယ်
....လာ .... ..... လှမ်းစို့ ... ...

ပုဂ္ဂိုလ်စွဲနေသမျှ
တို့တွေမျက်စိမွဲနေမယ်ပ
ကဗျာရဲ့ ရင်ခတ်သံဟာ ခံစားချက်မျဉ်းပြိုင်
အလင်းပြိုင်ကျရင် တို့ပိုင်တဲ့ ဆုံချက်တိုင်း
ကမ္ဘာတစ်သက် ၀င်းလက်တောက်ပနေရမယ်ဆိုတာ .... ယုံ ....

ဘယ်သူပြောလဲ
ကဗျာဆိုတာ မိုးကျရွှေကိုယ်
ကဗျာဟာ သက်မဲ့ဒြပ်မဲ့ ဗီတာမင်အပြည့်နဲ့ ခြံထွက်သီးနှံများဖြစ်ရဲ့
ကဗျာဆရာရဲ့ ရေလောင်းပေါင်းသင်ပျိုးနှုတ်ခြင်းမှာ
စိမ်းစိုသန်မာလာခြင်းလည်းဖြစ်ရဲ့ ... ...

အရုဏ်တက်လင်းကြက်တွန်သံရဲ့ ကနဦးမှာ
တမနက်စာ အတွက်
နိုးတ၀က် အိပ်ပျက်ညတွေထုဆစ်
ရင်ဘတ်အငှားချခံရသူ
တစ်ကျွန်းစံ ရာဇ၀တ်ကောင်လည်းဖြစ်ရဲ့ .. ..

အလွမ်းတွေဝေလို့ အနမ်းတွေ သွေရတဲ့အထဲ
ငါတို့ ရင်ဘတ်တွေ နွမ်းကြွေရမတဲ့လား
မသေချာပါဘူးကွယ် ..
ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ခဲ့ရင်တောင်
ကိုယ့်ရင်ငွေ့ကိုယ် ပါးပါးလေးလှုံချင်နေတဲ့ကောင်တွေပါ ...

ဟောဒီမှာကွယ် ....
ကဗျာဆရာတွေရဲ့ ၀ိဥာဉ်တွေကို ချခင်းထားတယ် ..
အသွေးအရောင်မဲ့တဲ့ လေထုထဲမှာ
မင်းတို့ရဲ့ သစ္စာတွေနဲ့အတူ
လိုက်ဖမ်းလိုက်ကြပေါ့ .. ...

မပြုံးဘူးလို့ နေလိုက်တာ
ဒြပ်စင်ချင်းတွေ့လို့
ဒီကနေ့ ...
ငါတို့ ဓာတ်ပြုလိုက်ကြတယ် .. ...

မတွေ့ကြတော့ဘူးလို့ပါပဲ
ဒီလိုနဲ့ တဘ၀လုံးတွေ့ခဲ့ကြ
ဘယ်တော့မှ မပြောကြလေနဲ့
ကဗျာဆိုတာ မိုးကျရွှေကိုယ်

တည်ညိမ်းကို + ချီရွန် + ညိမ်းညို + ဖြိုးငယ် + တင့်ထူးရွှေ + မျှားပြာ

ဒီကဗျာလေးက ကျွန်တော်တို့ ရေးထားတာ တော်တော် ကြာပါပြီ။ တခြားသူတွေက တင်ပြီးပါပြီ။ ကျွန်တော်က
အခုမှ တင်ဖြစ်တာပါ။

No comments yet