Sunday, December 30, 2007

အဖြေ


" အဖြေ"

ဖြန်းခနဲ ပွင့်ထွက်သွားတဲ့
ဟောဒီ ငါ့ရင်နှစ်ခြမ်းကြားမှာ
ငါ ဘ၀င်မကျတဲ့
ခပ်ချာချာ အလွမ်းတွေ ရှိတယ်
အချစ်ကို ရိုက်ပုတ်လန့်နှိုး
မရဏပန်းတပွင့်ရဲ့ ခေါင်းလောင်းထိုးသံမှာ
တမင်ခြွေချထားတဲ့ အနမ်းမိုးစက်တွေ
စိတ်လိုလက်ရ မရှိပြန်ဘူး။
ဘ၀ဆိုတဲ့ ကောင်က
နေ့စေ့လစေ့ မဟုတ်တော့
ငါ့ စိတ်ကူးတွေ ကျပ်မပြည့်တာ
ဆန်းသလားကွယ်
ဒီလိုနဲ့ လူတွေနဲ့ငါ
ရိုးသားစွာ ကွဲလွဲခဲ့ပါတယ်
အချစ်နဲ့ အမုန်းကပြောတယ်
သူတို့ကတော့ မျက်နှာချင်းမဆိုင်ပါဘူး
သူတို့ ပေါင်းဆုံရတာ
ကမ္ဘာကြီး လုံးလို့ပါတဲ့
ကဲ.... ငါဘာများ တတ်နိုင်ဦးမှာလဲ


ချီရွန် ( ပုလဲ )

No comments yet