Sunday, January 20, 2008
မြန်မာကဗျာဆိုတာ ဂျိုနဲ့လား
ကဗျာဆိုတာ ပညာရှိတို့ ၏ ပစ္စည်းဥစ္စာ လို့  ဆိုပါတယ်။ စာဆိုက၀ိတွေဟာ သူတို့ စိတ်မှာ ထိတွေ့ ခံစားရတဲ့ ခံစားချက်တွေကို တခြားသူတွေဆီ ကဗျာလင်္ကာတွေနဲ့ ကူးစက်ထိတွေ့ ခံစားစေတတ်ပါတယ်။ ဒီတော့ ကဗျာလင်္ကာ ဆိုတာဘာလဲ ... ဆက်ပြီးကြည့်ကြရအောင်။
ကဗျာလင်္ကာဆိုတာ လူတွေ နေ့စဉ်ပြောဆိုသုံးစွဲနေတဲ့ သာမာန်စကားတွေကို တေးဂီတပမာ ပြေပြစ်ချောမောစွာနဲ့ ချိုသာငြိမ့်ငြောင်းအောင် သီကုံးဖွဲ့ ရေးထားတဲ့ စာဖြစ်ပါတယ်။ ဒါ့အပြင် “ဒေါသ” မှကင်းလွတ်ရပါမယ်၊ “ဂုဏ်” မြောက်ရပါမယ် (စာပေမှာ ဒေါသ နဲ့ ဂုဏ် ဆိုတာကို နောက်ပိုင်း သီးခြားဆက်ဆွေးနွေးပါ့မယ်)။ အဲဒီလို ပြည့်စုံအောင်ဖွဲ့ ဆိုထားသမျှစာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ “ဂါထာ” လို့ ခေါ်ပြီး မြန်မာ ဘာသာမှာတော့ လင်္ကာသီချင်းတွေကို ကဗျာလင်္ကာ လို့ ခေါ်ပါတယ်။
ကဗျာလင်္ကာဆိုတာ တေးဂီတကနေ စတင်အခြေတည်ခဲ့တယ်လို့ ယူဆကြပါတယ်။ ကမ္ဘာကြီးမှာ သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှမရှိခဲ့ လို့  ဆိုကြပါတယ်။ ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက်မိုးကြိုးထစ်သံ၊ သစ်ရွက်လေးတွေလေတိုးသံ၊ ကျေးငှက်တိရစ္ဆာန်တို့ အော်မြည်ရင့်ကျူးသံ စတဲ့အသံတွေဟာ သဘာဝရဲ့ ဂီတသံတွေ ဖြစ်ပါတယ်။ ဒီအသံကို လူတွေသတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး အသံထွက်ကြရင်းနဲ့ ဂီတဆိုတာ ဖြစ်လာခဲ့ ပါတယ်။ ဒီ ဂီတ ကနေ ဂီတသံနှောတဲ့ စကားလုံးတွေကို စကားပြောရာမှာသုံးရင်းက ကဗျာလင်္ကာ စတင် သန္ဓေတည် ခဲ့တယ်လို့ မှတ်သားဘူးပါတယ်။ အဲဒီကနေ စာပေအက္ခရာပေါ်ပေါက်လာတော့မှ ကဗျာလင်္ကာတွေ ရေးသားလာကြပါတယ်။
မြန်မာစာပေမှာ ကဗျာလင်္ကာတွေကို လင်္ကာနဲ့သီချင်းဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ လင်္ကာ (ကဗျာ) တွေကတော့ ...
လင်္ကာ၊ ပျို့ ၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊ ဧချင်းသံတိုင်၊ ဧချင်းသံပေါက်၊ ရတု၊ လူးတား၊ အန်ချင်း၊ သံပေါက်၊ ၀ဲရိုက်ဝဲသွင်းဆိုပြီး ၁၄ မျိုး သတ်မှတ်ပါတယ်။
လင်္ကာ၊ ပျို့ ၊ မော်ကွန်း၊ သံပိုင်း၊ သမိုင်း၊ ရဲတင်း၊ တမ်းချင်း၊ ဧချင်းသံတိုင်၊ ဧချင်းသံပေါက်၊ ရတု၊ လူးတား၊ အန်ချင်း၊ သံပေါက်၊ ၀ဲရိုက်ဝဲသွင်းဆိုပြီး ၁၄ မျိုး သတ်မှတ်ပါတယ်။
သီချင်းအမျိုးအစားတွေကတော့ ... ရကန်၊ ဟောစာ၊ သာချင်း၊ ကာချင်း၊ အဲချင်း၊ အိုင်ချင်း၊ လေးချိုး၊ သံချို၊ ယိုးဒယား၊ ပတ်ပျိုး၊ ကြိုး၊ ဘွဲ့ ၊ ဘောလယ်အရိုး၊ တေး - အရိုးအဆန်း၊ သဖြန် - အရိုးအဆန်း၊ ငိုချင်း - အရိုးအဆန်း၊ တုံးချင်း - အရိုးအဆန်း၊ ဟန်ချင်း - အရိုးအဆန်း၊ လှေချင်း - အရိုးအဆန်း၊ နတ်သံ၊ မှာတမ်း၊ ဇာတ်စာ ဆိုပြီး ၂၂ မျိုး ရှိပါတယ်။ ဒါတင်ပဲလားဆိုတော့ နောက်ထပ်လည်း ...
တျာချင်း၊ တေးထပ်၊ တောလား၊ လွမ်းချင်း၊ လေးဆစ်၊ မေတ္တာစာ၊ ဆိုတာတွေအပြင် ဆရာလယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိဂါထာတွေကနေ ထွင်ခဲ့တဲ့ ၈လုံးစပ် ကဗျာတွေနဲ့ ဆရာဇော်ဂျီတို့ ၊ ဆရာမင်းသုဝဏ်တို့ ရဲ့ ခေတ်စမ်းကဗျာတွေ၊ ဆရာဒေါင်းနွယ်ဆွေရဲ့  ကာရန်မဲ့ကဗျာနဲ့ အခုနောက်ဆုံး မော်ဒန်ကဗျာတွေအထိ ရှိပါတယ်။
တျာချင်း၊ တေးထပ်၊ တောလား၊ လွမ်းချင်း၊ လေးဆစ်၊ မေတ္တာစာ၊ ဆိုတာတွေအပြင် ဆရာလယ်တီပဏ္ဍိတ ဦးမောင်ကြီးက ပါဠိဂါထာတွေကနေ ထွင်ခဲ့တဲ့ ၈လုံးစပ် ကဗျာတွေနဲ့ ဆရာဇော်ဂျီတို့ ၊ ဆရာမင်းသုဝဏ်တို့ ရဲ့ ခေတ်စမ်းကဗျာတွေ၊ ဆရာဒေါင်းနွယ်ဆွေရဲ့  ကာရန်မဲ့ကဗျာနဲ့ အခုနောက်ဆုံး မော်ဒန်ကဗျာတွေအထိ ရှိပါတယ်။
ဒီအထဲက လေ့လာမိသလောက် ပုံစံတွေကို တင်ပေးပါ့မယ်။ ဒီနေရာမှာ ၀က်ဆိုက်နှစ်ခုကို Credit ပေးပါရစေ။ မြ၀တီဝက်ဘ်ဆိုက် www.myawady.net နဲ့ မေဓါဝီဘလော့ဂ် http://maydar-wii.blogspot.com နှစ်ခုပါ။ အချက်အလက်အတော်များများကို အဲဒီ နေရာနှစ်ခုကနေရပါတယ်။ ကျေးဇူး အထူးတင်ကြောင်းပြောလိုပါတယ်။ ကျနော်ကိုးကားတဲ့ စာအုပ်စာတမ်းတွေကတော့ -
နန္ဒမာလိနီ ခေါ် ကဗျာစွယ်စုံကျမ်းကြီး (ဓမ္မာစရိယ ဦးထွန်းရွှေ)ကဗျာဖွဲ့နည်း နိသျည်း (ဦးတင့်ဆွေ)
ကဗျာရေးချင်စာစပ်သင် (မင်းသုဝဏ်)
ကဗျာလမ်းညွှန် (ဦးသော်ဇင်)
တို့ဖြစ်ပါတယ်။
ဒီတော့ ကဗျာလင်္ကာစပ်ပြီဆိုရင် အသံကာရန်၊ စပ်ပုံစပ်နည်း၊ အစချီပုံ၊ အဆုံးသတ်ချပုံ၊ အနက်အဓိပ္ပါယ် အစရှိတာတွေ အရေးကြီးလာပါတယ်။ ဒါပေမယ့် ကာရန်လေးတွေချိတ်မိရုံနဲ့ ပြီးသလား၊ ကဗျာဖြစ်ပြီလား ဆိုတော့ မဟုတ်ပါဘူး။
အနက်အဓိပ္ပါယ်လည်းအရေးကြီးပါသေးတယ်။ ဒါ့အပြင် သဒ္ဒါလင်္ကာရ၊ အတ္တလင်္ကာရ အစရှိတဲ့ တန်ဆာတွေလည်း ဆင်ရပါတယ်။ ဥပမာ -
အရင်တုန်းက စန္ဒာမဂ္ဂဇင်းမှာ ဆရာကြပ်ကလေးရေးထားတဲ့ ဟာသ၀တ္ထု တစ်ပုဒ်ထဲက ကဗျာရူးအဘိုးကြီးစပ်ထားတဲ့ တေးထပ်လေးကိုကြည့်ပါ။
မြတ်ပန်းဝေဆာလေမှာလွင့်
မေကညာခင့်ပြောင်သထက်ပြောင်
ဗေဒါတပွင့်အရောင်လက်သယောင်ငယ်
ပူတက်ဗျောင်နောင်ဗေပုံချမ်း
မြန်မြန်ပြေးခဲ့ ကလေးတို့ အမေရယ်
အေးလို့ နေရင် ခြေသုတ်ဖျဉ်နဲ့  လွှမ်း။ ။
ကဲ .. ကောင်းရဲ့လား၊ ဘာမှအဓိပ္ပါယ်မရှိပါဘူး။ ဒါပေမယ့် မှန်သလားဆိုရင်တော့ မှန်ပါတယ်။ ထပ်ပြီးကြည့်ပါဦး။ မြ၀တီမှာတင်ထားတဲ့ ပို့ စ်မှာ ပြထားတာက ...
တို့ ကျောင်း တောင်က စိန်ပန်းတော
အပျိုလေးတွေ လက်နဲ့ ခေါလို့ 
ရွှေမုဋ္ဌောတဲ့ တင်ကြရှာ။
ကာရန်ကတော့ တော၊ ခေါ၊ ဋ္ဌော ဆိုပြီး မှန်ပါတယ်။ ဒါပေမယ့် လက်နဲ့ ခေါ ဆိုတာ ဘာမှ အဓိပ္ပါယ်မရှိပါဘူး။ ဒီတော့ အတ္တလင်္ကာရ မမြောက်ဘူးလို့ ဆိုနိုင်ပါတယ်။ အဲဒီမှာပဲ အလွန်လှတဲ့ ကဗျာလေးတစ်ပုဒ် ထုတ်နှုတ်ဖေါ်ပြထားပါတယ်။ အောက်မှာကြည့်ပါ။
လနေအစွန်၊ မြမြေမွန်ဝယ်
လေသွန်ပင့်မှုတ်၊ ရွက်ရင့်ပြုတ်က
ကျေးနှုတ်ဖူးဆင့်၊ လွတ်ကျူးတင့်သည်
နူးခွင့်ခါမှီ၊ သရဖီလည်း
ရာသီသိဆုံး၊ စီဘိကုံးသို့ 
တောလုံးလျှမ်းမောက်၊ ပန်းပိတောက်မူ
နွမ်းခြောက်ကြွေရော်၊ မခြွေသော်လည်း
မြေပေါ်အတိ၊ ပုံလျက်ရှိ၏။
ဒီမှာ နဘေသဘောပေါ့ .. ကာရန်တစ်ချက်တည်းမဟုတ်ပဲ နှစ်ချက်သုံးချက်မိအောင်ဆင့်စပ်ထားတာပါ။ အရောင်ခြယ်ပြထားပါတယ်။ ကာရန်ကတော့ အားလုံး “လေးသုံးနှစ်” ပဲယူထားတာပါ။ အဲဒီမှာမှ နဘေထပ်ဆင့်ပြီး နှစ်ချက်သုံးချက်ပြန်ထပ်ထားတာပါ။ (ပင်မကာရန်က စွန်၊ မွန်၊ သွန် ... အဲဒီမှာမှ လနေ၊ မြမြေ၊ နေအစွန်၊ မြေမွန်၊ လေသွန် ... ဒီလိုယူပါတယ်။ တစ်ခါ မှုတ်၊ ပြုတ်၊ နှုတ်၊ ဒီမှာ နဘေက ပင့်မှုတ် နဲ့  ရင့်ပြုတ်။ နောက်မှ ဆင့်၊ တင့်၊ခွင့်။ အဲဒီမှာထပ်ပြီး ဖူးဆင့်၊ ကျူးတင့်၊ နူးခွင့် နှစ်ချက်ဆင့်ပြီး ကာရန်ထပ်ပါတယ်။ ပြီးတော့ မှီ၊ ဖီ၊ သီ။ ပြီးရင် ဆုံး၊ ကုံး၊ လုံး။ အဲဒီမှာ သီဘိဆုံး၊ စီဘိကုံး သုံးချက်ဆင့် နဘေထပ်ကွန့် လိုက်ပါတယ်။ နောက်ထပ်ပြီး မောက်၊ တောက်၊ ခြောက်။ အဲဒီမှာလည်း လျှမ်းမောက်၊ ပန်းပိတောက်၊ နွမ်းခြောက် - နှစ်လုံးဆင့် နဘေ သုံးချက်ထပ်လိုက်ပါတယ်။ အဲဒါပြီးတော့ ရော်၊ သော်၊ ပေါ် - အဲဒီမူရင်းကာရန်ပေါ်မှာမှ ကြွေရော်၊ မခြွေသော်၊ မြေပေါ် ဆိုပြီး နှစ်ချက်ဆင့် ထပ်ကွန့် လိုက်တာပါ)
အနက်အဓိပ္ပါယ်ကတော့ ....
အခါရာသီအလျောက် လူကမချွေရဘဲနဲ့ အလိုလိုအပင်ထက်က နွမ်းခြောက်ကြွေကျလာတဲ့ သရဖီနဲ့ ပိတောက်ပွင့်တွေ မြေပြင်ပေါ်မှာ ပုံလျက်သားကျနေတာကို ဆိုလိုတာပါ။
ဒါတင်မကသေးပါဘူး။ အတ္တလင်္ကာရပြီးတော့ သဒ္ဒါလင်္ကာရ ကိုလည်း နဲနဲကြည့်ရအောင်။ ကျနော်သိပ်ပြီးနားလည် လှတယ်တော့ မဟုတ်ပေမယ့် ဖတ်ဖူးသလောက်ပြောပြပါ့မယ်။ ကဗျာကိုရေးတဲ့အခါ (အထူးသဖြင့် ရှေးကဗျာ အမျိုးအစားတွေမှာ) အသံရှိန် (မတြာ) ကိုလည်း သတိထားရပါတယ်။ ဒီဃသံ (သံရှည်)၊ ရဿ သံ (သံတို၊ သံပြတ်)၊ ဂရုသံ (လေးသောအသံ)၊ လဟုသံ (ပေါ့သောအသံ) တွေကိုလည်း Harmony ဖြစ်အောင် ထည့်သွင်းစပ်ဆို တတ် ရမယ်လို့  အဆိုရှိပါတယ်။ အသံအရှည်၊ အသံအလေး တွေဟာ ဆွဲငင်လို့ ရတဲ့ အတွက် သနားစဖွယ်အဖြစ်တွေမှာ နူးညံ့သိမ်မွေ့ တဲ့ အကြောင်းတွေမှာ စပ်ဆိုလေ့ရှိသလို၊ အသံတို၊ အသံပေါ့ တွေကိုတော့ ရဲရင့်တဲ့၊ ပြတ်သားတဲ့ အကြောင်းတွေရေးရင် သုံးလေ့ရှိပါတယ်။ အသံတွေအရေးကြီးတာကြောင့် ကဗျာကို စိတ်ထဲကဖတ်ရုံနဲ့ မလုံလောက်ပဲ အသံထွက်ဖတ်ဖို့  အမြဲ တိုက်တွန်းပြောဆိုလေ့ရှိကြတာပါ။ ဒီအသံတွေအကြောင်း နားလည်သူတွေရှိရင် သီးသန့်ဆွေးနွေးပေးကြပါ။ ကျနော်ကတော့ သိပ်မသိပါဘူး။ လေ့လာရပါဦးမယ်။ နောက်မှ ထပ်ပြောကြတာပေါ့။
အဲဒီတော့ ကဗျာပုံစံတွေကို ကျနော်လေ့လာရှာဖွေလို့ ရသလောက်၊ သိသလောက် စကြည့်ကြရအောင် ....
Harry1968
မြန်မာကဗျာဆိုတာ ဂျိုနဲ့လား ဆောင်းပါးများကို အသုံးပြုခွင့် ပေးသော အစ်ကိုကြီး ကိုဟယ်ရီအား ကျေးဇူး အထူး တင်ရှိပါတယ် ခင်ဗျာ။
No comments yet